Wednesday, August 21, 2013

ဝမ်းတွင်းမြို့နယ်မှ လယ်ယာမြေဧက ၄,ဝဝဝ ခန့် စိုက်ပျိုးရေမရလို့ အခက်တွေ့နေ



ဝမ်းတွင်းမြို့နယ်သည် မိုးခေါင်ရေရှားဒေသဖြစ်သောကြောင့် စိုက်ပျိုးရေရရန်ဆည်ကြီးများကို အမှီပြုနေရခြင်းဖြစ်သည်။
တောင်ပုလုဆည်၊ သပြေရိုးဆည်တို့မှ ရေရယူပြီး စိုက်ပျိုးနေရသည့် ပြည်တော်သာရွာ၊ ကျောင်းကုန်းရွာ၊ ခံဘဲ့ရွာ၊ အင်းယင်းရွာတို့မှ ဧက ၄,ဝဝဝ ခန့်မှာ ပျိုးထောင်ရန် စိုက်ပျိုးရေ လုံးဝ မရှိသည့်အတွက် စိုက်ပျိုးရေ အရေးတကြီး လိုအပ်နေကြောင်း ပြည်တော်သာရွာမှ တောင်သူလယ်သမားတစ်ဦးဖြစ်သည့် ဦးသောင်းနိုင်က ပြောသည်။

လယ်သမားများသည်ရေရရန်အတွက် အာဏာပိုင်များကို အကြိမ်ကြိမ်သွားရောက်တောင်းဆိုခဲ့ကြသည်။

ရက်ပိုင်းအတွင်း ရေရမှအဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ဒီလကုန်မှ ရေရမည်ဆိုလျှင်တောင် ထိုဧက ၄,ဝဝဝ ကျော်မှ နစ်နာဆုံးရှုံးမှုတွေ များစွာရှိမည်ဖြစ်ကြောင်းထိုကျေးရွာများမှ လယ်သမားများကပြောဆိုကြသည်။

လယ်သမားများအနေဖြင့် အာဏာပိုင်များကို သွားရောက်တောင်းဆိုခဲ့ကြကြောင်း၊ ထိုသို့တောင်းဆိုခဲ့ကြသဖြင့် ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးက ဆည်မြောင်းဌာနမှ SAE ဦးကိုကိုလတ်ကို ခေါ်ယူကာ ထိုကျေးရွာများရေရရှိရေး ဆောင်ရွက်ပေးရန်ညွှန်ကြားခဲ့သည်။

SAEဦးကိုကိုလတ်က လုပ်ပေးပါမည်ဟု စကားကတိပေးသော်လည်း အမှန်တကယ်တွင်မူ ဆောင်ရွက်ပေးခြင်းမရှိခြင်းကြောင့် ဒုက္ခရောက်နေရကြောင်း ထိုကျေးရွာများမှတောင်သူလယ်သမားတို့က ပြောကြသည်။

အထွေထွေအုပ်ချုပ်ရေးမှုးရှေ့မှောက်တွင် ထိုကျေးရွာများ ရေရရန်လုပ်ပေးပါမည်ဟု ပြောခဲ့သောSAEအား လယ်သမားများက ဆောင်ရွက်ပေးပါရန်ပြောဆိုသောအခါ မိမိ၏တာဝန်မှာ ဆည်၏အောက်မှ ကျေးရွာများ ရေရရန်အတွက်သာ အထက်ကညွှန်ကြားထားကြောင်း ဆည်အနီးအနားရွာများမှာ မိမိ၏ တာဝန်မရှိကြောင်းပြန်လည်ပြောဆိုခဲ့သဖြင့် လယ်သမားများမှာ ယခုအခါ ၄င်းတို့၏လယ်ယာမြေများတွင် ပျိုးထောင်ရန်ရေမရရှိခြင်းကြောင့်များစွာဒုက္ခရောက်နေရကြောင်း သတင်းရရှိပါသည်။

အကယ်၍ အချိန်မီရေမရပါက လယ်ယာမြေဧက ၄,ဝဝဝ ကျော်ခန့်မှာ ပျက်စီးဆုံးရှုံးမည်ဖြစ်ကြောင်း လယ်သမားများကပြောဆိုပါသည်။

Meikhtila CJ

-

No comments:

Post a Comment